
(မှတ်ချက် - LIFT ၏ Do No Harm ချဉ်းကပ်မှုနှင့်အညီ စီးပွားရေးလုပ်ငန်းရှင်၏ အမည်နှင့် တည်နေရာဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကိုယ်ရေးလုံခြုံမှုနှင့် ဘေးကင်းလုံခြုံရေးအတွက် ပြောင်းလဲထားပါသည်။)
မစန်း၏ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသော မီးစက်သံသည် စက်ယန္တရားလည်ပတ်သံတစ်ခုသာ မဟုတ်ပါ။ ၎င်းသည် တဖြည်းဖြည်း ခိုင်မာလာနေသော စီးပွားရေးလုပ်ငန်းတစ်ခု၏ အသံလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသတစ်ခုတွင် အမျိုးသမီးဦးဆောင်သော အသေးစားမုန့်ဖုတ်လုပ်ငန်းတစ်ခုသည် နေ့စဉ်မတည်ငြိမ်သော စိန်ခေါ်မှုများကြားမှ တိုးတက်မှုလမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါသည်။
နှစ်ပေါင်းများစွာအတွင်း ဤမိသားစုအခြေပြုလုပ်ငန်းသည် လူမှုအသိုက်အဝန်းအတွက် အိမ်လုပ်မုန့်များကို ထုတ်လုပ်ပေးခဲ့ပြီး ရိုးရှင်းသော ပါဝင်ပစ္စည်းများမှ ဒေသခံဖောက်သည်များအတွက် ရင်းနှီးပြီး ဈေးနှုန်းသင့်တင့်သော ထုတ်ကုန်များကို ဖန်တီးပေးခဲ့ပါသည်။ အစပိုင်းတွင် သေးငယ်သော လုပ်ငန်းတစ်ခုသာ ဖြစ်ခဲ့သော်လည်း တဖြည်းဖြည်း မိသားစုအတွက် အရေးကြီးသော ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါသည်။
သို့သော် ခက်ခဲသော အခြေအနေများအောက်တွင် လုပ်ငန်းလည်ပတ်နေရသော အသေးစားစီးပွားရေးလုပ်ငန်းများစွာကဲ့သို့ပင် ဤမုန့်ဖုတ်လုပ်ငန်းကို ဆက်လက်တည်တံ့စေရန်မှာ မလွယ်ကူခဲ့ပါ။
အဓိက စိန်ခေါ်မှုတစ်ခုမှာ လျှပ်စစ်မီးဖြစ်ပါသည်။
လျှပ်စစ်မီး မတည်ငြိမ်လာသည့်အခါ နေ့စဉ်ထုတ်လုပ်မှုများ အနှောင့်အယှက်ဖြစ်လာခဲ့သည်။ မုန့်ဖုတ်လုပ်ငန်းကို စီစဉ်ထားသလို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ထုတ်လုပ်မှုမှာလည်း မတည်ငြိမ်တော့သည့်အပြင် ဖောက်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်လည်း ပိုမိုခက်ခဲလာခဲ့ပါသည်။ လုပ်ငန်းကို ဆက်လက်ဖွင့်လှစ်နိုင်ခဲ့သော်လည်း မတည်ငြိမ်သော လျှပ်စစ်မီးပေါ် မူတည်နေရသော အခြေအနေတွင် တိုးတက်မှုကို ရေရှည်ထိန်းထားနိုင်ရန် ခက်ခဲခဲ့ပါသည်။
သို့သော် မစန်းသည် အရှုံးမပေးခဲ့ပါ။
မသေချာမရေရာသော အခြေအနေများကြားမှပင် မိသားစုကို ထောက်ပံ့နိုင်ရန်နှင့် ဖောက်သည်များကို ဆက်လက်ဝန်ဆောင်မှုပေးနိုင်ရန် စိတ်ဆုံးဖြတ်ချက်ဖြင့် သူမသည် လုပ်ငန်းကို ဆက်လက်ထိန်းထားခဲ့ပါသည်။ သူမအတွက် ဤမုန့်ဖုတ်လုပ်ငန်းသည် ဝင်ငွေအရင်းအမြစ်တစ်ခုသာ မဟုတ်ဘဲ ကိုယ်တိုင်ကြိုးစားတည်ဆောက်ထားသော အရာတစ်ခုဖြစ်ပြီး အနာဂတ်တွင်လည်း ဆက်လက်တည်ရှိစေလိုသည့် အိပ်မက်တစ်ခုလည်း ဖြစ်ပါသည်။
LIFT ၏ ရန်ပုံငွေဖြင့် ပံ့ပိုးမှုမှတစ်ဆင့် ဤမုန့်ဖုတ်လုပ်ငန်းသည် စွမ်းအင်လိုအပ်ချက်ကွာဟမှုကို ဖြေရှင်းရန် လက်တွေ့ကျသော အကူအညီများ ရရှိခဲ့ပါသည်။ မီးစက်တစ်လုံး ရရှိလာခြင်းကြောင့် လုပ်ငန်းသည် ပိုမိုယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားအရင်းအမြစ်တစ်ခု ရရှိလာပြီး မုန့်များကို ပိုမိုတည်ငြိမ်စွာ ဖုတ်လုပ်နိုင်ကာ ထုတ်လုပ်မှုလည်း ပုံမှန်စည်းချက်တကျ ပြန်လည်လည်ပတ်လာခဲ့ပါသည်။
မစန်းအတွက်တော့ ထိုပြောင်းလဲမှုသည် ချက်ချင်းသိသာခဲ့ပါသည်။
“မီးစက်က ကျွန်မတို့လုပ်ငန်းကို ပြောင်းလဲပေးခဲ့ပါတယ်။ အခုဆိုရင် နေ့တိုင်း မုန့်ဖုတ်နိုင်ပြီး ဖောက်သည်တွေကို ပိုကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်ပါပြီ” ဟု သူမက ပြောကြားပါသည်။
ပိုမိုယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား ရရှိလာခြင်းကြောင့် မုန့်ဖုတ်လုပ်ငန်းသည် ဖောက်သည်လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းနိုင်လာပြီး ပိုမိုယုံကြည်မှုရှိစွာ လည်ပတ်နိုင်လာခဲ့ပါသည်။ တစ်ချိန်က နေ့စဉ်ရုန်းကန်ရသော လုပ်ငန်းတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ ပိုမိုခိုင်မာသော အခြေခံနှင့် တိုးတက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရရှိလာခဲ့ပါသည်။
ဤမုန့်ဖုတ်လုပ်ငန်း၏ ဇာတ်လမ်းသည် ဒေသခံလူမှုအသိုက်အဝန်းနှင့်လည်း နီးကပ်စွာ ချိတ်ဆက်နေပါသည်။ ပါဝင်ပစ္စည်းအချို့ကို ဒေသတွင်းမှ ရရှိပြီး ၎င်းသည် အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ဒေသခံစိုက်ပျိုးရေးအကြား အရေးကြီးသော ချိတ်ဆက်မှုတစ်ရပ်ကို ဖန်တီးပေးနေပါသည်။
“အရောင်းအကောင်းဆုံးထုတ်ကုန်က ငှက်ပျောကိတ်ပါ။ အဲဒါကို ကျွန်မတို့ရွာက လယ်သမားတွေ စိုက်ထားတဲ့ ငှက်ပျောသီးတွေနဲ့ လုပ်ထားတာပါ။ ဒေသထွက် ပါဝင်ပစ္စည်းတွေကို သုံးပြီး တခြားမုန့်အမျိုးအစားအသစ်တွေကိုလည်း စမ်းသပ်လုပ်နေပါတယ်” ဟု သူမက ရှင်းပြပါသည်။
ထိုချိတ်ဆက်မှုသည် အရေးကြီးပါသည်။
ဒေသထွက်ကုန်များကို ဝယ်ယူပြီး တန်ဖိုးတိုးအစားအစာထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းအားဖြင့် ဤမုန့်ဖုတ်လုပ်ငန်းကဲ့သို့သော အသေးစားစီးပွားရေးလုပ်ငန်းများသည် ဒေသခံလယ်သမားများအတွက် ဝယ်လိုအားကို ဖန်တီးပေးသည့်အပြင် တန်ဖိုးများကိုလည်း လူမှုအသိုက်အဝန်းအတွင်း ပိုမိုကျန်ရှိစေပါသည်။ ထိုကြောင့် ဤမုန့်ဖုတ်လုပ်ငန်းသည် အိမ်ထောင်စုတစ်စုတည်းကိုသာ မက ဒေသခံစီးပွားရေးတစ်ခုလုံးကိုလည်း အထောက်အကူပြုနေပါသည်။
အထူးသဖြင့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအတွက် ဤကဲ့သို့သော လုပ်ငန်းများသည် စီးပွားရေးတွင် ပိုမိုပါဝင်နိုင်ရေးနှင့် ငွေကြေးဆိုင်ရာ လွတ်လပ်မှု တိုးမြှင့်ရေးအတွက် အရေးကြီးသော လမ်းကြောင်းတစ်ခုကို ဖွင့်ပေးနိုင်ပါသည်။ မသေချာမရေရာသော အချိန်ကာလများတွင် ပိုမိုတည်ငြိမ်သော ဝင်ငွေအရင်းအမြစ်တစ်ခု ဖန်တီးပေးခြင်းအားဖြင့် အိမ်ထောင်စုများကို ပိုမိုခံနိုင်ရည်ရှိလာစေရန်လည်း ကူညီပေးပါသည်။
ယနေ့တွင် ဤမုန့်ဖုတ်လုပ်ငန်းသည် အိမ်လုပ်မုန့်အမျိုးမျိုးကို ဆက်လက်ထုတ်လုပ်လျက်ရှိပြီး ထုတ်ကုန်အသစ်များနှင့် ချက်နည်းအသစ်များကိုလည်း စမ်းသပ်လျက်ရှိပါသည်။ လုပ်ငန်းပိုင်ရှင်သည် အရည်အသွေး၊ ဖောက်သည်များ၏ ကြိုက်နှစ်သက်မှုများနှင့် ဒေသတွင်းတွင် ရရှိနိုင်သော ပါဝင်ပစ္စည်းများကို အကောင်းဆုံး အသုံးချနိုင်ရေးအပေါ် ဆက်လက်အာရုံစိုက်လျက်ရှိပါသည်။
မစန်း၏ ဇာတ်လမ်းသည် ခံနိုင်ရည်ဆိုသည်မှာ မကြာခဏဆိုသလို နေ့စဉ်ဘဝအတွင်း လက်တွေ့ကျကျ တည်ဆောက်လာရသော အရာဖြစ်ကြောင်းကို ပြသနေပါသည်။


